သံပတ်ပေးထားတဲ့လူ ( ရင်ခွင်ရှိန်း )

သံပတ်ပေးထားတဲ့လူ

မြင့်လွန်းတဲ့… မိုးတိမ်တွေကြား

ပြေးလွှားဆော့ကစားခဲ့ချင်ရုံသက်သက်ပါ

ငယ်ငယ်က ပုံပြင် ကို ၀ အောင် နားမထောင်ခဲ့ရတဲ့ကလေး

လမ်းတွေထက် ခြေထောက်ဟာ…

ဘာကြောင့်သေးရပါလိမ့်လို့ … တွေးတယ် ။

ရှေးကုသိုလ် နည်းတဲ့အိမ်ကလေး

ငါ့ ကို ထွေးပွေ့ ထားရတယ်

“ချစ်သူ”လို့ ခေါ်တဲ့ မိန်းမတစ်ယောက်ရဲ့ အိမ်မက်ထဲ

အိမ်မက် မက်ရင်း…ရောက်သွားချင်ခဲ့ဖူးတယ်

အိမ်ကလေးက … ရယ်တယ် ။

တစ်လောက ….. သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ သွားမိတယ်

ပြီးတော့ … နှစ်(၁၀၀) ပြက္ခဒိန်ဝယ်တယ်

ဘာရယ်မဟုတ် …

တူတူပုန်းနေတဲ့ ကိုယ့်အသက် ကို ပြန်လိုက်ဖမ်းတယ် ။

အရင်ကဆို….

အင်္ကျီအညိုလေးနဲ့ 

ဘေးအိမ်ကအဒေါ်ဆိုတဲ့ ..


“အို……အေး……အေ့ ……အို …..”

ကြားတိုင်း…………

ငိုတယ် ။

တခုတ်တရ သိမ်းထားတဲ့ …

ဒိုင်ယာရီထဲက

“သူမ” ရဲ့ မျက်စောင်းလေး

ပြန်ဖွင့်ကြည့်မိတော့ …..

ကော်ဖီခွက်တွေ ဘာကြောင့်အေးစက်ကုန်ပါလိမ့် ။

ပါးသွားတဲ့ဖိနပ်လေး …

အသက်ရှူဝသွားတဲ့.. ပိုက်ဆံအိတ် လေး

“သူမ နဲ့ တစ်နေ့ နေ့ ”ဆိုတဲ့ အတွေးနဲ့ 

စုထားတဲ့ စုဗူးလေး …..

ငါ့ …..လက်ဖျားတွေအေးစက်နေပြီ ။

ဗေဒင်ဆရာက

ခေါက်ရိုးကျိုးနေတဲ့ စာရွက်ပေါ်မှာ

ကိုယ့်နာမည်ကို ကိုယ်ပြန်ရေးပါလို့ ပြောတယ် ။

“သူမ” ထွက်သွားတဲ့နေ့ ကပေါ့ 

အပြာရောင်ဝတ်စုံလေးနဲ့  စံပယ်ပန်းတွေကပိုကရိုနဲ့ …

“သူမ” မငိုဘူး ။

“သူမ” ရေးလိုက်တဲ့စာလေးမှာ

ဘွတ်ဘတ်ရွှတ်ရှက်

မြန်မာလို ရေးထားတဲ့ ၀ါကျလေး

တစ်ကြောင်းတစ်လေမျှမပါတော့ ။

ဘယ်သူများ “ချစ်သူ” ကို လွမ်းဖူးပါသလဲ

စကားလုံးတွေနဲ့ ဖော်ပြလို့ မရလို့ ပါဆိုပြီး

ဘာမှရေးမထားတဲ့ စာအိတ်လေး စနေနေ့ ကရောက်လာတယ်

မည်သူမည်ဝါပို့ ပေးတာလဲ (မသိပါ) ။

သူ လိမ်နေတာပါ လို့ 

ကိုယ့်ကိုကိုယ် ပြန်ညာတယ်

မနက်တိုင်း … မြူခိုးတွေဝေနေတာ

တိမ်တောက်တိုင်း … ငေးနေမိတာ

ဘာတစ်ခုမှ “သူမ” နဲ့ မဆိုင်ပါလို့ 

ကိုယ့်စိတ်က ခြေခါခါ လက်ခါခါ နဲ့ ကိုယ့်ကိုပြန်ငြင်းပြန်တယ် ။

မေးတိုင်းဖြေနေကျပေါ့ …

မြင့်လွန်းတဲ့မိုးတိမ်တွေကြား

ပြေးလွှားဆော့ကစားချင်ခဲ့ရုံသက်သက်ပါ လို့  ။ ။



ရင်ခွင်ရှိန်း


သူငယ်ချင်းကဗျာဆရာ ရင်ခွင်ရှိန်း ရဲ့ ကဗျာလေးပါ .. ။ ပြန်လည် မျှဝေလိုက်တယ် .. ။

0 comments:

Post a Comment

Return top