မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ကြောင်း ( ဆူးခက်မင်း )

ရာသီဥတုက တဖြည်းဖြည်းပူလာပြီ ။

ကျွန်တော်တို့က မိုက်လို့ ကောင်းတုန်း ။

အရင်သွားနှင့်မယ် ။

ဖိနပ်တော့ မတက်နင်းနဲ့ ။

လူငယ်တွေရဲ့  ယဉ်ကျေးမှုအရ

ကျွန်တော် ဆေးလိပ်သောက်တယ် ။

ကျွန်တော် အရက်မူးတယ် ။

ကျွန်တော် ကွမ်းမစားတော့ဘူး ။

( ဘယ်သူ့ ကြောင့်ပဲ ဖြစ်ဖြစ် )

ကျွန်တော် ကွမ်းမစားတော့ဘူး ။

သုည ၊ ရှစ် ၊ လေး ၊ ငါး ၊ သုံး ၊ သုံး ၊ လေး ၊ ငါး ။

ဟဲလို ၊ ဟဲလို ၊ အလင်းတစ်ပွင့်လောက် လင်းပေးပါ ။

ကျွန်တော့်အခန်းထဲ တော်တော်မှောင်နေတယ် ။

လမ်းတွေက မျက်စိရှေ့တင် ကွေ့ ကောက်နေကြ ။

အနမ်းတွေက မျက်စိရှေ့တင် မေ့မှောက်နေကြ ။

တစ်နေ့လောက် နေမှ ၊ အသံတစ်ချက် မကြားရရင် ။

ရုပ်သေး ပြောသလို

` သားတော့ သေမှာပါပဲ မေမေရယ် ´ .. ပေါ့ ။

သူမရဲ့  အကြည့်တစ်ချက်မှာ ၊ ကျွန်တော့် နား

နှစ်ဖက် ရှိတယ် ။ သူမ လက်ညှိုးတစ်ဖက်မှာ

ကျွန်တော့် အရှုံး ရှိတယ် ။

ရှုံးတယ် ၊ ထပ်ရှုံးတယ် ၊ ထပ်ရှုံးမယ် ။

တစ်ခါခါးတိုင်း နှစ်ခါ ပြန်မြိုချရတာ ။

ရင်တစ်ခုလုံး ပူနေရော ။

ရန်ကုန်နဲ့ ( ........... ) ဆိုတာ

ထင်သလောက်တော့ မဝေးပါဘူး ။

ကျွန်တော်က သူများလက်ထဲက အရုပ်

ကိုမှ ၊ လိုချင်တတ်သူလား ။

ပစ်ပစ်ဝါးလိုက်တဲ့ စကားလုံးတွေက

သူမ အကြည့်တစ်ချက်နဲ့တင်

ပြားပြားဝပ်သွားတာ ။

မကြားနိုင်တော့ပါဘူး ။ ကျွန်တော့် အသံက ကျွန်တော့်လည်ချောင်း

ထဲမှာပဲ ရှိနေပြီး ၊ သူမ မကြားနိုင်တော့ပါဘူး ။

အရိပ်တွေလည်း မျိုးတုန်းလုပြီ ။

ဒီခရီးစဉ်မှာ ၊ သူမ အရိပ်တောင် မပါစေရဘူး ။

သုဝဏ္ဏလမ်းဆုံ ၊ ဈေးလေး ၊ ( ..... ) ၊ ဗလီထိပ် တောက်လျှောက် ဆရာရေ့  ။





ဆူးခက်မင်း



ကဗျာဆရာ ဆူးခက်မင်းရဲ့ ကဗျာတပုဒ်ပါ ...။ မျှဝေလိုက်တယ် ...။

0 comments:

Post a Comment

Return top