နှစ်ကိုယ်ခွဲအရွေ့

ကျွန်မမှာ ရှင့်ကို့ ကျွေးလို့မရတဲ့ ရေခဲမုန့်လေးတခုရှိတယ်
ရှင်မသိပါဘူး ကျွန်မ အဲ့ဒီ ငါးလေးတွေနဲ့ စကားပြောတတ်တယ်ဆိုတာ
စန္ဒရားခလုတ်တွေပေါ်မှာ တရွေ့ရွေ့ပြေးနေတဲ့ လက်ချောင်းလေး တွေ ရှင်တွေ့လား
ဘယ်မှာလဲ မှော်ဆန်တာ
ကျွန်မ တစ်နေကုန် ဒီအခန်းအသိုးကြီးထဲမှာ မနေနိုင်ဘူး
လှေကားပေါ်တက်ရမှာ ကျွန်မ သိပ်ကြောက်နေတယ်လို့ ထင်လား ထားပါ ကျွန်မ က လှေကားဆိုတာကို သိပ်ယုံတာမဟုတ်ဘူး

နှင်းတွေ နှင်းတွေ
ရှင်အရမ်းကြောက်နေသလား
မသင်္ကာမဖြစ်ပါနဲ့ ကျွန်မ ဓာတုဗေဓ ပစ္စည်းလုံးဝ မသုံးထားဘူး
သူတို့က အဖြူဆန်တယ်

ကျွန်မ တနေကုန် တနေခမ်း လူတွေကို မျှားတယ်
ဒါပဲလုပ်တတ်တာတော့ မဟုတ်ဘူး သူတို့က ပျင်းရိဖို့ကောင်းလို့
ဟော တွေ့လား သရဖီပင်ကြီး နဲ့ မျက်စောင်းတည့်တည့်က ရှဉ့်သေးသေးလေးတွေ
ညည ဆို သူ တို့ နဲ့ ကျွန်မ အပြေးပြိုင်လေ့ရှိတယ်
ရိုးစင်းခြင်းတော့ သိပ်မရှိဘူးပေါ့ ကျွန်မက လူ လေ
ထားပါ ရှင်နားမထောင်တတ်တဲ့ သီချင်း တပုဒ်ကို ကျွန်မ ဆိုပြမယ်
( ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ )
အသံမကြားရဘူး
ရှင်မညာပါနဲ့ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မအမြဲနားထောင်နေတဲ့ သီချင်း အသံရှိပါတယ်
ကျွန်မ ဘာတွေ လုပ်နေသလဲ
ရှင်မသိပါဘူး
ရှင်လုပ်ရမှာ ရှင် အက်စပရက်စ်ဆို တစ်ခွက်လောက် သောက်လိုက်
ပြီးတော့ ကျွန်မ အတွက် ရှင် ပန်းချီ ဆွဲပေးရမယ်
ဒီလို ဒီလို
ငါးတွေ အတောင်ပံဖြန့်ပျံသန်းနေမယ် အသံတွေပါ ပါမှ ရမယ်
မစိုးရိမ်နဲ့ ကျွန်မ နှုတ်ခမ်းနီမဆိုးတတ်ဘူး
ပြီးတော့ ရှင် ရဲ့ ဘယ်ဘက် လက်သန်းတစ်ချောင်းကိုပါ ထည့်ဆွဲပေး
ပေါင်မုန့်တစ်လုံး နဲ့ ( ၇ ) ထပ်တိုက် တစ်တိုက်ရောပေါ့
လူတွေ " က " တော့ ရေကူးနေပစေ
အချိန်တချို့ မရှိတော့ဘူး ကျွန်မ လှေကလေး အနောက်လိုက်ရဦးမယ်
ကျွန်မ ပုံ မပါအောင် ပန်းချီထဲ မှာထည့်ဆွဲပေးဦး
ရှင် သွားတော့မလား ကျွန်မ ပြန်ရမလား

ဒီအခန်းထဲက ကြွက်တချို့ကချစ်စရာကောင်းတယ်ဆိုတာ ရှင့်ကိုပြရမယ်
အဲ့ဒီကြွက်တွေဟာ အနုပညာဆန်တယ်

ရှင် ရယ်ချင်နေတယ်မဟုတ်လား ကျွန်မမှာ ကျွန်မကို ခဏခဏ ၀ှက် ထားချင်တဲ့ မှန်တချပ်လဲ ရှိသေးတယ်
သူကတော့ အိမ်အသိုးကြီးထဲ မှာနေရတာ ကြိုက်တယ်လေ ကျွန်မကတော့ မနေနိုင်ပါဘူး
အဲ့ဒီ လှေကားတွေကိုလဲ ကျွန်မ မကြိုက်ဘူး
ရှင် ကျွန်မ ရဲ့ စနေ တ၀က် တနင်္ဂနွေ တ၀က် နာရီ ကိုကြည့်ချင်နေမှာပေါ့
ကျွန်မ ရင်ဘတ်ပေါ်ကို မသိမသာ ရှင် ကြည့်လိုက် ရှင်းတမ်းတွေ နဲ့ ရှုပ်နေတဲ့ နာရီလေး
ဒါကိုတော့ ရှင် သဘောကျမှာပါ
ဘာလို့ဆို
ရှင်က ရေခဲမုန့်မကြိုက်ဘူးလေ .........................................
........... ။


ရုပ်သေး

ကျုပ်တို့ မြို့ပြ က ဘောင်ဝင်တယ်

ကျုပ်တို့ မြို့ပြ က ဘောင်ဝင်တယ်



အခုတော့ ခင်ဗျားရဲ့ ခံစားမှုတွေ
ကျုပ် ဥာဏ်နဲ့ ဘောင်မ၀င်တော့ဘူး
ဝမ်းနည်းပါတယ်
အမှန်ဆိုတာ တရားနားမှာ ရှိပါလိမ့်တယ်
အမှားဆိုတာကတော့ ဖိနပ်တရံစာ ကွာဝေးမှုမှာ
ပြန် မှန်လာပါလိမ့်မယ် ( စိတ် )
ဝမ်းနည်းပါတယ်
အခု ခင်ဗျားဆီရောက်နေတဲ့ စာကိုဖွင့်ကြည့်သင့်နေပြီ
လူတွေ ဘာလုပ်ဖို့ အသင့်ပြင်နေကြလဲကိုပေါ့
နှာခေါင်းရှည်ရှည်ပိုင်ဆိုင်ထားရုံ နဲ့ အာရုံခံစားမှုမကောင်းနိုင်ဘူး
ဦးနှောက်ကောင်းဖို့ပါ လိုပါလိမ့်မယ်
စိတ်မကောင်းပါဘူး
အခု နီယွန်းမီးတွေ လမ်းလျှောက်တက်နေပြီ
ခေါင်း ( ဦးခေါင်း ) ဆိုတာ အိပ်ဖို့ တခုတည်း လုပ်စရာမလိုပါဘူး
ခင်ဗျားတောင် ဖိနပ်စီးတတ်ပြီဆို
ဒါဆို လမ်းလျှောက်တတ်ဖို့ပါလိုနေပြီ
ကျုပ်တို့ မြို့ပြကြီးက ပြားပြားချပ်ချပ် နဲ့ သိပ်ကြည့်လို့ကောင်းတာ
ကော်ဖီသောက်လို့ ကောင်းတယ် လမ်းလျှောက်လို့ကောင်းတယ်
စိတ်တော့မကောင်းဘူး ( ခင်ဗျား ) လမ်းလျှောက်တတ်ဖို့ ကောင်းပြီ
ပြီးခဲ့တဲ့ မနက်က သတင်းစာတခုမှာ ခင်ဗျားရဲ့ အထင်ကြီးခံရမှုတွေ
လေလံတင်ခံရခြင်းဆိုတဲ့ ခေါင်းစီးစာသားနဲ့ ပါလာတယ်
စိတ်မကောင်းပါဘူး ( ခင်ဗျား ) စိတ်မကောင်းဖြစ်နေမှာပဲ
ဒါ စတိုင်ထုတ်စရာကောင်းတဲ့ စဉ်းစားမှုမျိုး
တန်ဖိုးဖိုးကြီးကြီးမပေးရဘူးဆိုရင်
ကျုပ်ကို ခင်ဗျား ရဲ့ အထင်ကြီးချင်မှုတွေ စတိုင်ထုတ်ပြပေါ့
ကျုပ်က ( အမှန် ) ( အမှား ) ခင်ဗျားကို မပြောပြချင်ဘူး
ဘာကြောင့်လဲဆိုတော့ ကျုပ်လဲ အမှန်
( ဆိုတာကို ) မသိဘူးသေးဘူးလေ
တစ်ယောက် နဲ့ တစ်ယောက်တော့ လေရှူပုံခြင်းကွာကြတာပဲ
ခင်ဗျားရှူတဲ့ လေတွေ ( မသန့် ) မရှင်းမဖြစ်စေနဲ့
အမှန်တော့ ဆောင်းရာသီတိုင်း ခင်ဗျား ပြုံးပြုံးပြပြတတ်တဲ့ နှင်း တွေက
ကျုပ်တို့ မြို့ပြ မှာ မလိုဘူး
ခင်ဗျားက နှင်း ကို အရမ်းချစ်တယ်ဆိုတာ ကျုပ်သိထားပေမယ့်
ကျုပ်တို့ မြို့ပြမှာ မလိုကို မလိုဘူးလေ
အခု မလိုအပ်တဲ့ ခံစားမှုတွေ ခင်ဗျား ခေါင်းထဲက ထုတ်ပစ်ဖို့
ကျုပ်ကိုလဲ ခေါင်း ထဲ ထည့်မနေပါနဲ့တော့ ... ။


ရုပ်သေး

ကြိုး ( ၃ )

ကြိုး ( ၃ )






ဟာသ မမြောက်ခဲ့ပါဘူး

ဒီနေ့ ပါးချိုင့်လေးပေါ် တက်လာတဲ့ ကြွက်တစ်ကောင်ဟာ

ငါ ဖြစ်နေခဲ့တယ်





ရုပ်သေး

` ည အနီ ´

“ ညအနီ ”

 

ကောင်းကင်ကို မော့ကြည့်ပြီး

 

လက်ညှိုးလေးတစ်ချက် “ ကွေး ” ချ လိုက်တယ်

 

ကြယ် တွေ ကြွေ လာ စမ်း

 

 ရုပ်သေး

 

 

>>>> ဆရာ ဟိန်းမြတ်ဇော် ၏ ညအပြာ ကဗျာအား ပြန်လည်ခံစားသည် <<<<

 

အခု ဒီကဗျာကို ကျော်ဖတ်လိုက်ပါ

ဦးနှောက် တခြမ်း ၊ ကိုက်                                         ၊
နား တခြမ်း ၊ ကိုက်                                                
မျက်ခုံး တခြမ်း ၊ ကိုက်
ခြစား ပိုးထိုး အိပ်မက်များ
မှန်တင်ခုံပေါ် ပြန်တင်
ပွဲနေ ပွဲထိုင် စကားလုံးများအတွက်
ဟောင်းနွမ်း ပြတ်စုတ်သော
အရည်ထွက် ကောင်းကင်အတုအား
ခေါင်းမှ စွပ်ချ ၊
လက်တံ အတို ၊ အရှည် နှင့်
ပွင့်လင်းရာသီများ ဒိုင်ခွက်ချိုချိုထဲ
ဝင်ခုန်မျောစီးခဲ့
မှော်ဝင်ဂီတထဲက ၊
မျက်မမြင် မျဉ်းကွေးများ
အသင့်ခေါက်ရိုးချိုး ကော်ဖီတစ်ခွက် ၊
ပုံမှန်ထက်မနည်း
“ အ ” သူ သည် သေ သင့် သည် ။
နံရံကပ် ဖိနပ်တစ်စုံ၏ အသံကြောင် ဂီတ ၊
ထပ်လျှက် ထပ်လျှပ် ၀တ်ဆင်
နားစွင့် ၊ မျက်လုံးစွင့် ၊ ပါးစပ်အလွင့်
ကြပ်ခိုးတွယ်ကပ်လက်စ
ခရမ်းရောက်မျက်နှာပြင် မှာ
မျက်နှာသေ ခံဝန်ချက်တို့
ရီရီစီစီ ဝေကျလျှက် ၊
တကြိမ်တခါ ခွဲထုတ်ခံခဲ့ရသော
မြို့  တော်အသေးစားတစ်စု
ညပေါင်းချုပ် လက်တော်မှာ ..
အံဝင်ဂွင်ကျ သီဆိုလို့ပေါ့ ။


ခမ်းခမ်းနားနား တံဆိပ်တပ်ပြီး
မြို့  ၀င်မှတ်တိုင်တခုဆီသို့ …..

…………………………………….

…………………………………….

…………………………………….
အဟောင်းအနွမ်း အပုပ်အသိုး
ရှုရှိုက်လက်စ အောက်စီဂျင်
မနက်ဖြန် ခိုးရွာမည့် မိုး အကြောင်း
လက်ခွဲပစ္စည်းအမျိုးအစား
အတု ၊ အစစ် အားလုံး
အမှိုက်ပုံထဲ ရှာပြန်
ခက်ခက်ခဲခဲကြီးရယ်တော့ မဟုတ်လှ ၊
သမင်လည်ပြန်ငေးတာ လှတယ်
ဦးနှောက်အပို တစ်လုံး ဆေးခါးတိုက်ကျွေးမိ ၊
အမှိုက်ပုံထဲက ပြန်ရှာ ၊
ရာကျော်သက် အတင်းအဖျင်း
ပေတံ နဲ့ တိုင်းတာ မညီမျှဘူး ၊
စိတ်ကူးယဉ် သမားတွေကို အားပေးလို့
လူတချို့  က ဖမ်းချုပ်ကျ ( မျက်လုံးတွေနဲ့ )
အိုမာခရမ် ခင်ဗျား သိပ်လောဘကြီးတယ် ၊
မနှစ်ကတော့ ၊ သစ္စာရှိကြောင်း ၊
ခန်ဝံကတိပေးရမယ်
လ မှတ်တမ်း ၊ ကမ္ဘာပတ် စံနှုန်း
လိုချင်တယ် ။  ။

မိယု မစားသွားသော ပန်းသီး

ဒီလို  မိယုရ . . .
ဘယ်ဘက် ဘောင်းဘီအိတ်ကပ်ထဲမှာ
ဘေးကြပ်နံကြပ်ဖြစ်နေတဲ့
ဗမာငွေ နှစ်ရာကျပ်က
ကဗျာတစ်ပုဒ်
အိမ်သာလေးခါတက်
မြို့ ထဲအသွားအပြန်
ပြီးတော့ . . .
နင့်ခေါင်းပေါ် ရောက်လာမယ့် ` ကလစ် ´
မဟုတ်ဘူး မေမေ
ဒါ ဆယ့်နှစ်နာရီထိုးမှ ကြားနေကျ အသံပါ
ဘယ်သူတွေလဲ
ဘယ်သူတွေလဲ
တိမ်တွေနောက် လိုက်နေတာ ဘယ်သူတွေလဲ
ဒီလောက်လဲ မချိုပါဘူး မိယုရယ် . . .
ငါကိုက ရှိုက်သံပေါက်နေတာ
လက်ဖက်ရည်ကြမ်းခွက်ထဲမှာ ပန်းတွေပွင့်သွားအောင်ပေါ့
ဟုတ်ပါတယ် မေမေ
သားကိုက အိပ်မက်နဲ့ အဆက်အသွယ်ရချင်တာပါ . . .
ဟော . . . ဟော . . .
အဲ့တာ မကောင်းဝါးဆိုးတွေ အသံပေါ့
ဒီလိုနဲ့ တစ်နာရီခြားဆီ ဝေးသွားကြ
နေပါဦး မိယုရယ် . . .
ငါတို့က ခိုတွေလိုပါပဲ
ရင်ဘတ်မဲမဲတွေပေါ် မတပ်မဖြစ် ကြယ်သီးတွေ တပ်လို့
လိပ်စာမပါဘူး မေမေ
အဲ့ဒီမှာ သူစောင့်နေလိမ့်မယ်
စနေမိုးပါ မိယုရယ် . . .
မထူးတော့ပါဘူး
ဝုန်းခနဲ ခုန်ဆင်းမိမှတော့
ကြောင်လိုမအော်တော့ဘူး
သား သူ့ကို သတိရလွန်းလို့ပါ မေမေ
သူ့ဟာ နဲ့ သူ နေတာပဲ မိယုရ . . .
ငါတို့ လိပ်ပြာတွေကိုက သန့်သန့်လေးရယ်
တရေးနိုး ထ ပြီးတော့ မိုး ကြည့်ရတာ
မောလိုက်တာ မေမေရယ်
ဒီနှစ်ကိုက ကံဆိုးရာသီလေ . . .
ယဲ့တဲ့တဲ့နဲ့ မိယုရ
ငါတို့က တစ်ယောက်ကို တစ်ယောက်
` ထောက် ´ ထားတဲ့
ဝါးဆစ်ပိုးတွေကိုး . . . ။

ဒီလိုနဲ့ ပန်းတွေ ပွင့်လာကြစေသတည်းပေါ့
မိယုရယ် . . .
ဒီလို မေမေ ဒီလို
ပိုးစားနေတဲ့ စိတ်က
သားနောက်လိုက်
ခွာရာတွေက လိပ်ကျန်ရစ်

သွားပါပြီ
ကြယ်တခြမ်း လတခြမ်းနဲ့  ( . . . . . . . )
သူက သားအိပ်မက်ဟောင်းထဲက
တိမ်ဖြူမ
မြုပ်လိုက် ပေါ်လိုက်ပါပဲ မိယုရေ
ဆွေး . . . ဆွေး . . . ဆွေး
ဆွေး ဆွေး လေး
နာရီနောက်ကနေရင်း
လက်တံတိုလေးကို မမှီမကမ်း
လွမ်းတယ်
အိပ်လို့မပျော်ပါဘူး မေမေရယ်
ပေါ်လိုက် ပျောက်လိုက်နဲ့
ရေစီးကျသံတွေကြားရ
သူတို့ ပျေက်သွားပြန်ပြီ မေမေ
သူတို့ ပြန်ပေါ်လာပြန်ပြီ
ဒီလိုပါပဲ 

မိယုရယ် . . .
ဟိုးနားက ကျပ်ခိုးတွေပေါ်မျာ ကပ်
လက်ချိုးရေကြည့်နေတာ
မပြီးသေးဘူး
` ချောက် ´ ဆို တံခါးပိတ်သွားတဲ့
ပန်းသီးလေး
ခါးလိုက်တာ မေမေရယ်
သားတော့ သေမှာပဲ
သူမရှိတော့ဘူး
သူတို့လဲ မရှိတော့ဘူး
သားတော့ သေမှာပဲ
ငွေ့ ငွေ့ လေးပဲ လောင်သွားတာ မိယုရဲ့ 
ဒါပေမယ့်
ခြောက်ခမ်းနေတဲ့ နှုတ်ခမ်းပါးက
ခြေရာ လက်ရာပျက်သွားတာ
ငါတော့ သေမှာပဲ . . . မိယုရယ် . . . ။

သံပတ်ပျက်နေတဲ့ ည

ဟော ... ဟော ... ဟော ... ဟော

ဟော ... ဟော ... ဟော ... ဟော

ဟော ... ဟော ... ဟော ... ဟော

ငါး သုည တစ် လေး သုည ခြောက်

နံပါတ်တွေ နိမ့်ချည် မြင့်ချည်

“ တောက် ”

ငါ တစ်ခေါက် ပြန်လာကြည့်တယ်

သံပတ်ပျက်နေတဲ့ ည က

စက္ကူရုပ်မ ရင်ဘတ်ပေါ်မှာ .... ။

 

 

အိပ်မက်အသေတို့၏ ၀ိဥာဉ်ပျောက် ဂါထာ

တိမ်တိုက်တချို့ သာ ကျနော့်အတွက်လိုပါသည် ။ လာမည့် မိုးရာသီတွင် ထီးနှင့်နေ့နံတူသော အမိုးသည် ကျနော့်အတွက်မလိုပါ ။ ကျနော်သည် မိုး ကို ချစ်သော လူတစ်ယောက်ဖြစ်သည် ။
တခန်းရပ်ပြဇာတ်များ နှင့် အလွမ်းဇာတ်များ ၊ ဟာသပြကွက်များသည် ... လူတချို့ အတွက် ( သို့ ) ကျနော့်အတွက် ရယ်စရာမဖြစ်နိုင်တော့သည်မှာ ကံ နှင့် ကံ ကို အသုံးပြုသူများကြောင့်
ဖြစ်လိမ့်မည်မှာ သေချာသည် ။ နားရှုပ်သွားလျှင် ပြန်လည်ရှင်းပြဖို့ အချိန်မရပါ ။ စိတ်ဆိုးလျှင် ချော့မည့်လူကို ရှာပါ ။ ကျနော်ဆက်ပြောရဦးမည် ။ လာမည့် တနင်္လာနေ့တွင် ကျနော့် ချစ်သူ
၏ ဈာပနာရှိသည် ။ မိုးလေ၀သ ခန့်မှန်းချက်များအရ ... ထိုနေ့တွင် မိုးများ သည်းထန်စွာရွာသွန်းလိမ့်မည် ။ ကျနော်သည် မိုးကို ချစ်သော လူတစ်ယောက်ဖြစ်သည်။ သို့သော်ချစ်သူ၏ဈာပန
္က၌ ကျနော်ရှိနေဖို့လိုသည် ။ သစ်ရွက်ကြွေသံများမကြားရသောအခါ ၊ ကြယ်ကြွေရပ်ဝန်း ၏ မျက်နှာခြင်းဆိုင် အရပ်ကို ထိုင်မကြည့်နိုင်တော့သောအခါ ၊ ကျနော် ချစ်သူအတွက် ၀မ်းနည်းစွာ
ငိုကြွေးရပေလိမ့်မည် ။ ခက်ညို သည် ခေါင်းတလားအား နှစ်သက်သူ တစ်ယောက်ဖြစ်ပါသလား ...သူမသည် ခွေးကလေးများကိုသာ ချစ်ခင်နှစ်သက်သူဖြစ်၏။ခက်ညိုသည်သေခြင်းတရား
အား လိုလားပါသလား ... သူမသည် နေ၀င်ချိန် မုန်းသော သူတယောက်ဖြစ်သည် ။ ကျနော် မိုး ကို ချစ်သည် ။ မနက်ဖြန် နှင့် သည်နေ့ မည်သို့သော အတိတ်မျှ တာဝန်မယူနိုင်အောင် ကွဲ
ပြားလွန်း၏ ။
ကြားလား ...
ကြယ်တွေကြွေလာသံကို ...
မိုးကလဲ ကဗျာကို ချစ် ...
ကဗျာကလဲ ဈာပနာကို ချစ် ...
သေချာတယ် ... ခက်ညို
မနက်ဖြန်မှာ
( သို့မဟုတ် )
တနေ့သော
အနောက်ဘက် မျက်ကန်းဟာ...
ကိုယ့်ကို စောင့်နေလိမ့်မယ် .... ဆိုတာ....

ကျနော်ပိုင်ဆိုင်သော အိပ်မက်တို့ ပျောက်ဆုံးကုန်၏ ။ ခက်ညို ၀မ်းနည်းနေမည်လား .. ပြန်စရာကားခမရှိသော ကိုဘုန်းလောက်တော့ ၀မ်းနည်းမည်မထင် ။ သူ့၌ ပြန်စရာ လမ်းရှိသေး၏ ။ သူမတွင်မူ ပြန်...စ...ရာ...လမ်း.... မရှိပါ ။ အသုဘရက် ဘာကျွေးမည်နည်း ၊ ယပ်တောင် မည်မျှဝေမည်နည်း ... သူမ၏ ဈာပနသည် .. မျက်ရည်တချို့ နှင့် လုံလောက်ပါသည်ဟု ပြောသော .. သူမ၏ ရှေ့ ချစ်သူအား ..ကျနော် ဒညင်းသီးအုန်းနို့ နှင့် ပန်ကာ တခု လက်ဆောင်ပေးချင်သည် ။ ကျနော် မိုး ကို ချစ်သည် ။ သူမ နှင့်အတူ ပါသွားသော ကျနော် ပိုင်ဆိုင်ရာများမှာ ... အဓိက မိုး ၊ ကြယ်ကြွေရပ်ဝန်း ၊ မျက်ကန်း နေ၀င်ချိန် နှင့် ဘာသာဗေဒကင်းမဲ့သော အသက်ရှုသံတို့ဖြစ်သည် ။ ကျနော် ဘာအတွက် မိုး ကိုချစ်ပါသနည်း .. ထို့သို့အမေးရှိလျှင် ကျနော့်တွင် ဘယ်တော့မှ မခြောက်ကပ်သွားသော ... ကဗျာစရွက်ဟောင်းတရွက် မှတ်မှတ်ရရရှိနေသောကြောင့်ဖြစ်
သည် ။ ရယ် ( ရီ ) စရာကောင်းနေသော အကြောင်းပေးချက် ဖြစ်နေမှာသေချာသည် ။ ထို့ထက်သေချာသည်မှာ ... စိုစွတ်လက်စ ကဗျာ တပုဒ် ကျနော့်တွင် အဖတ်တင် ကျန်နေသေး၏ ။ သူမ လက်အတွင်းရှိ အနီရောင် နှင်းဆီပန်းစီးသည် နောက်လာမည့် ကျနော့် ဈာပနာအတွက် သင်္ကတ ဖြစ်လိမ့်မည် ။ ကျနော် ရဲရင့်ရမည် ။ သူမသည် ကျနော်သိပ်မြတ်နိုးရပါသော ကဗျာ တပုဒ်အတွက် အသက်စွန့်သွားသူဖြစ်၏ ။

ကျွီးးးးးးးးး ...
ဟာ ... မကောက်နဲ့ “ ခက်ညို ”
ဒုန်း .....



ပတ်ဝန်းကျင်တစ်ခုလုံး ကျနော်နှင့် တပြေးညီ ငြိမ်သက်သွားကြ၏ ။ ကျနော့် အသက်ရှုသံတို့ အတောင်ပေါက် ပျံသန်းသွားသည် .. ( ဘယ်မှာလဲ ၊ ဘယ်မှာလဲ ၊ ဘယ်မှာလဲ ) ကျနော့် ကြယ်ကြွေများအား ခတ္တရပ်နားခွင့်ပြုမည် ။ အုပ်ဆိုင်းလက်စ .. အနောက်ဘက် မျက်ကန်းအား အသာတကြည် လွတ်ငြိမ်းခွင့်ပေးမည် ။ ကျနော် မိုး ကိုချစ်သည်.... ညနေခင်း ဂီတကို ချစ်သည် ၊ ကျနော် မိုး ကိုချစ်သည် .... ပျော်ကြလက်စ ... ရေခဲမုန့် မျက်နှာပြင်ကို ချစ်သည် ၊ မည်သူမျှ မချစ်ခင်သော အရာမှာ .. ကျနော့် မျက်ရည်များသာ ဖြစ်လိမ့်မည် .... ကျနော် မိုးကို မမုန်းပါ ... သို့သော် ... ကတ္တရာ လမ်းမကြီးကို မုန်းသည် ၊ ကဗျာ တပုဒ်အား မုန်းသည် ၊ ကဗျာထဲမှ ... မိုး ကို မုန်းသည် ။ ( ကျနော် မိုး ကို သစ္စာရှိပါသည် )

( ဖိတ်စာမှ ... မှတ်ချက် )
အရာအားလုံး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ... ဈာပနာအား ပြုံးရွှင်စွာ လိုက်လံ ပေးပို့ကြရန်
ကယာကံရှင်၏ ။ ၀မ်းနည်းခြင်းကို ညုင်းသာသော ကဗျာတပုဒ်နှင့် လိုက်လံ ပို့ဆောင်ကြရန် .... ။

သေချာပါသည် ... ။
ကျနော် ချစ် / မုန်း သော ကဗျာစာရွက်လေး သူမ ကျောပြင်အောင်တွင် ငိုနေလျော့မယ် ... ။

အဲ့ဒီညကပေါ့ ....
လမင်းကြီးက ငါ့ခေါင်းဦးမှာ လက်လာတင်တယ် ...
ငါက ဗီသိုဗင်ရဲ့ မွန်းလိုက်ဆိုနာတာ သံစဉ်အကြောင်းမေးတော့
သူခေါင်းခါတယ် ... ( မသိဘူးပေါ့ )
ငါ့ကို မနက်ဖြန် အကြောင်းမေးတော့ ...
အိမ်နောက်ဖေးမှ အရည်ဖျော်စက်တခု
သူ့ကို လက်ဆောင်ပေးလိုက်မိ၏ .. ။
စိတ်ဆိုးပြီး တမာန်တော်ဆီပြန်သွားတယ် ထင်သည် ... ။

သူနောက်တခေါက်လာလျှင် ကျနော့်မနက်ဖြန်မှ ရောင်းရန်ရှိနေသော ပစ္စည်းမျာကို ပြရမည် ...

ရောင်းရန်ရှိသည်မှာ ...
အိပ်မက်အခွံများရောင်းရန်ရှိနေသည် ၊
၁၃ရက်နေ့များရောင်းရန်ရှိနေသည် ၊
အခေါင်းပေါက် နှင့် ည ရောင်းရန်ရှိနေသည် ၊
တနင်္လာနေ့များနှင့်
ကဗျာတပုဒ်၏ ၀ိဥာဉ်ရောင်းရန်ရှိနေသေးကြောင်း သူ့ကို ပြရမည် ။ ။

ကျနော်အလိုရှိသည်မှာ ။ ။ နှင်းဆီဈာပန၏ ၀ိဥာဉ်အရိပ်တခုတို့သာဖြစ်သည် ။ ။ ( အထားအသိုမှားနေသော ကဗျာတပုဒ်လဲ အလိုရှိသေး၏ ။ )

ပျင်းရိသော မနက်ဖြန်များ ရောက်လာလိမ့်မည် ။ ကျနော့်မှာ အသက်ကြွေးပေးစရာကျန်သေး၏ ။ မနက်ဖြန်ပေါင်းများစွာ နှင့် စီးချင်းထိုးရမယ် ... ။ နက္ခတ်အလွဲ နှင့် လက္ခဏာဖတ်သူများ မှားနေသည်.. ကျနော် မှားနေသည် ။ ဂြိုလ်သားများစွဲဖယ်ထားသော .. ကြယ်သောက်စွပ်ကြောင်းများ တိုးတိုးဖျဖျ နှင့် ( ....... )
သူတို့မှားနေသည် ။ မနက်ဖြန်သည် ...တနင်္လာနေ့မဖြစ်သင့် .... ။ တင်္နပြန်နေ့ ဖြစ်သင့်သည် ။ ကျနော့်မှာ အသက်ကြွေးပေးစရာရှိသေးသည် ။

နက္ခတ်ဆိုးတွေ လှည့်စားလို့
ထွက်ပြေးသွားတဲ့ နေသာသော နေ့တစ်နေ့
ကျန်ခဲ့တဲ့ခြေရာတွေကို ပြန်ကောက်ရင်း
ရေဆုံးမြေဖျား လိုက်ရှာတာတောင်
ဟိုး ..... ..... ..... အဝေးမှာ
ခပ်ပြပြတောင် လှမ်းမမြင်ရတော့ဘူး ။
ပျိုးခဲ့တဲ့ မိုးရာသီလေးရေ .....
ဒီနတ္ထိကောင် နိမိတ်ယူမမှားခင်
မိုးသံ ၊ လေသံပေးပြီး ကိုယ်ထင်ပြလှည့်ပါ ။
စက်ဝိုင်းရှည်တစ်ခုရဲ့  စမှတ်ကို
သက်တန့်တွေ စုံအောင်ထွန်းပြီး ပျံသန်းရစ်တော့ကွယ် ။
ငါ ..... လိုက်ခဲ့မယ် .....
ငါ ..... လိုက်ခဲ့ပါ့မယ် .....

( သိုးမဲ )

အာ ...... ။
သေပြီထင်တယ် ..... ။
နည်းတောင် နည်းသေးတယ် .... ။ ( ဆုတောင်းသံများဖြစ်မည် )
ကားလာတာမြင်ရဲ့ သားနဲ့ ...... ။
သေချင်လို့နေမှာပေါ့အေ ..... ။



အဲ့ဒီလိုပေါ့.....
မိုးတွေ က ပင်လယ်ငွေ့တွေကိုခိုးပြီးရွာ
ငါ့.....ကို....ခိုး....ပြီး...မိုး....တွေ... ရွာ
ငါ နဲ့ အ တူ .......
ပင်လယ်ဟာ သေသွားရှာပြီပေါ့....၊၊

( ဇာတိ )

အေး .....စက် .....တုန် .....ရီ ....နေ .... တဲ့.....ကဗျာ.....တပုဒ်.....ရဲ့.....နောက် .... ကွယ်.....မှာ .... ကျ ....နော့် ....၀ိဥာဉ် ..... ရှိ ..... နေ....ဦး .....မှာ ....ပါ .... ။ ။
ကြားလား ...
အိပ်မက်တွေ ခေါ်လာသံကို
ပန်းခေါင်းတလားရဲ့ အတွင်းဘက်က သွေးစွန်းသွားတဲ့ ကဗျာတပုဒ်နဲ့
ငါ့ဈာပနကို ကြိုပေါ့ ..
ချစ်သူ ..
ဒီတခါ မျဉ်းပြိုင်တွေ ဖြိုးကျလာရင် ..
ငါတို့ နှင်းဆီနှုတ်ခမ်းသားရဲ့ ကြယ်ကြွေဂီတကို
အတူနားဆင်စို့ကွယ် ... ။ ။

ခေတ်တစ်ခေတ်၏ လရောင်ပန်သော နှင်းဆီ


နင်မသိခဲ့လို့ပါ
ငါ့အိပ်မက်တွေလေ
နင်နဲ့တွေ့ပြီးကတည်းက
အရာအားလုံး .....
“အ” ကုန်တယ်ဆိုတာ ။ ။


နင့်အတွက်ပျိုးမယ်ဆိုရင်
ငါ့အလွမ်းတွေ
တစ်ရာသီစာမက ကြာကောင်းကြာနိုင်ပါရဲ့
မိသုန်ဝေ


“အနက်ရောင် ပိတ်ကားထက်က
ဘောင်ခတ်ထားတဲ့ နှုတ်ခမ်း”
ဖုတ်သွင်းရထားပေါ်က လူ
ပုဝါစလေး ခြားမိတဲ့ ခဏ
တစ်နွေလုံး ရူးခဲ့
တစ်နွေလုံး ရူးခဲ့မိတယ် ။ ။


ကိုယ့်ကိုကိုယ် ကြီးကျယ်ခဲ့ပြီးမှ
လွမ်းခဲ့ကြ
”တကယ်ဆို ..... နင်ဟာ
သိုးကျောင်းသားလေး မျှော်နေတဲ့
မိုးရာသီ မဖြစ်သင့်ဘူး”


လေစိမ်း မိုးစိမ်းတွေ တိုက်ခတ်ရင်း၊
ငါ့နှင်းဆီ ဈာပနာတောင်
ရိုးရိုးရီရီနဲ့
လရောင်တခင်းစာ ပြာကျသွားခဲ့တယ် ။ ။


မြူသံမပေါက်တဲ့ ငါ့ညတွေ
တစ်နွေလုံး ခြောက်အက်ခဲ့တယ်ဆိုတာ
ဘုရားပေးတဲ့
ငါ့မနက်ခင်းလေး အသိပါ ။ ။
ဒါပေမယ့်
ကျူဝါလေးရဲ့ မြက်ရိုင်း ပီသစွာ
ငါလွမ်းတယ်...........


“နင် ဘိုးတံလုပ်ပြီး
ငါ့ စုန်းတယောကို ထိုးပါ၊
မိသုန်ဝေ”


တရိပ်ရိပ် ...
ဝေသီရင်း
တရိပ်ရိပ် ...
ထိုးဆင်းသွားတဲ့
ကြယ်ပျောက်နက္ခတ်တွေ
မူးမူးလဲလဲနဲ့
တေးဆိုတဲ့ ညတုန်းကပေါ့ .....
ငါ့ကြည်ပြာရောင် အိုးလေး
“အိုးသံ” မပါဘဲ
ပန်းရိုင်းမြို့ပေါ် ချော်လဲကျသွားခဲ့တယ်.. ။ ။


မိသုန်ဝေရေ .....
“နင့် သုမုဒ္ဒရာအနားကွပ်တွေကို ပြောလိုက်
စုန်းတစ်ကောင်နေမျှော်နေပြီဆိုတာ”

ရုပ်သေး

Return top